မတ္တရာ နိုဝင်ဘာ ၃၀
မတ္တရာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆောင်းသီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်း၊ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် တွေ့ဆုံ၍ သုံးဦးသုံးဖလှယ် သဘောတူစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်သီတာမှ မတ္တရာမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ဆောင်းသီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်း၊ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် သုံးဦးသုံးဖလှယ် သဘောတူစာချုပ်ချုပ်များ ချေးငွေထုတ်ပေးမှုအခြေအနေများ၊ ချေးငွေများပြန်လည်ပေးဆပ်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။ ဆက်လက်၍ လုပ်ငန်းရှင်များနှင့်တောင်သူများ နှမ်းသီးနှံအတွက် ကျေးရွာအုပ်စု(၇)ခုရှိ (၁၆၀၀)ဧက၊ နေကြာသီးနှံအတွက် ကျေးရွာအုပ်စု(၉)ခုရှိ (၁၇၅၀)ဧကနှင့် မြေပဲသီးနှံအတွက် ကျေးရွာအုပ်စု(၂၄)ခုရှိ (၁၂၀၀၀)ဧကအတွက် စာချုပ်ချုပ်ဆိုခဲ့ကြသည်။ ယခုနှစ် ဆောင်းသီးနှံစီမံကိန်းဆောင်ရွက်ပြီးစီးပါက နွေသီးနှံစီမံကိန်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ တောင်သူအစုအဖွဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စိုးကျော်သူထွေး(မတ္တရာ)