မိတ္ထီလာ နိုဝင်ဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ ကံသာကျေးရွာအုပ်စု ကန်ကံသာကျေးရွာအနီးရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) ကျောင်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) ကျောင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ကျောင်းသစ်အား နည်းပညာအသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) ကျောင်းအုပ်ကြီး ဒေါက်တာလေးမြတ်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ အဆိုပါ ကျောင်းဆိုင်းဘုတ်သစ်အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ)ကျောင်း၏ မြို့ပြအင်ဂျင်နီယာအလုပ်ရုံ၊ စက်မှုအင်ဂျင်နီယာအလုပ်ရုံ၊ စာကြည့်တိုက်၊ သိပ္ပံဓါတ်ခွဲခန်း၊ စာသင်ခန်း၊ ပုံဆွဲခန်း၊ ကွန်ပျူတာခန်းနှင့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန လက်တွေ့ခန်းများကို လှည့်လည်ကြည့်ရှုသည်။ အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ)ကျောင်း၏ ကမ္ဗည်းမော်ကွန်းကြေးပြားအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ အမွှေးနံ့သာရည်များဖြင့် ဖြန်းပက်ပေးသည်။ ၎င်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျောင်းခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါအခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းသူ/သားများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ဘင်ခရာအဖွဲ့နှင့်ကျောင်းသူ/သားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားပြီးမြောက်ချိန်တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ချမ်းသာ