နေပြည်တော် နိုဝင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း၊ ပြည်တွင်းထုတ်ကုန်အားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်များ ရရှိစေရန်တို့ကို အခြေခံပြီး MSMEလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စက်မှုဇုန်ရှိလုပ်ငန်းများကို အားပေးမြှင့်တင်ပြီး ထုတ်လုပ်မှုစွမ်းအားများ၊ စက်စွမ်းအားများကို စွမ်းအားပြည့်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကုန်ကြမ်းများဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းကုန်ကြမ်းများကိုအသုံးပြုပြီး သွင်းကုန်အစားထိုးကုန်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်ပပို့ကုန်များအဖြစ် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးကို အားလုံးကအလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရေးအတွက် လေ့ကျင့်သင်ကြားပျိုးထောင်ပေးစေလိုကြောင်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်ပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာသင်တန်းများ ဖွင်လှစ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသတွင်း အသားငါးကဏ္ဍဖူလုံမှုရှိစေရန်နှင့် နေပြည်တော်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဒေသတွင်း ဆန်လုံလောက်မှုရှိစေရေး၊ ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ အသားငါးကဏ္ဍဖူလုံမှုရှိရေးတို့ကို ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ စက်မှုလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ သမဝါယမအသင်းစုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့်လုပ်ငန်းများ၊ နည်းပညာသင်တန်းဖွင့်လှစ်သင်ကြားနေမှုများ၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ငါးမွေးမြူရေးနည်းပညာပေးလုပ်ငန်းများ၊ သစ်တောထွက်ကုန်ကြမ်းပစ္စည်းများကို ကုန်ချောထုတ်လုပ်ခြင်း၊ ရေပေးဝေမှုအခြေအနေများ၊ အခွန်ကောက်ခံမှုများ၊ ခရီးသွားလာရေးလုပ်ငန်းများ၊ ဒက္ခိဏသီရိစက်မှုဇုန်နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ MSME ပြပွဲများ ခင်းကျင်းပြသနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ချေးငွေထုတ်ချေးပေးမှုအခြေအနေများ၊ လူမှုဖူလုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများအောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)