ကျောက်ဆည် နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ယနေ့နံနက် (၁၀)နာရီအချိန်က အင်ဒိုင်းကျေးရွာ၊ မင်းမွေးတောင်သုဿန်တွင် ကျောက်ဆည်မြို့မရဲစခန်းမှ မယ(ပ)၃/၂၀၂၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆(ခ)မှ ဖမ်းဆီးရမိသော (၁၄၆၁၆၆၀၀၀)ကျပ် တန်ဖိုးရှိထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သော အက်စီတုန်း၊ တော်လူးအင်း၊ ဆာဖြူရစ်အက်စစ်များအား မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးနှင့်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးရွှေဦး၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ဒေသတွင်းဖမ်းဆီးရမိသော ထိန်းချုပ် ဓာတုပစ္စည်းများ လက်ခံဖျက်ဆီးရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိန်းချုပ်ဓာတုပစ္စည်းများဖျက်ဆီးရာတွင် (၁၇၀)လီတာခန့်ပါရှိသော အက်စီတုန်းသံပေပါ(၁၁၂)ပေပါ၊ ခန့်မှန်းတန်ဖိုး (၆၆၆၄၀၀၀၀)ကျပ်၊ (၁၇၀)လီတာခန့်ပါရှိသော တော်လူအင်းသံပေပါ(၃၃)ပေပါ၊ ခန့်မှန်းတန်ဖိုး (၇၈၅၄၀၀၀၀)ကျပ်၊ (၁၇)လီတာခန့်ပါရှိသော ဆာဖြူရစ်အက်စစ် ပလပ်စတစ်ပုံး(၅၈)ပုံး၊ ခန့်မှန်းတန်ဖိုးငွေ (၉၈၆၀၀၀)ကျပ်၊ စုစုပေါင်း(၁၄၆၁၆၆၀၀၀)ကျပ် သိရသည်။
သက်မောင်(ကျောက်ဆည်)