လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာလ ၃၀

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်​ပြီး အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Head of Delegation Ms.Nadia Khoury တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာ ဒေါ်မြသူ၊ ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်နှင့် ဒေါက်တာတင်မောင်လှိုင်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် ကော်မတီဝင်များ၊ အသင်းအထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

နိုဝင်ဘာလ (၂၈)ရက်နေ့မှ နိုဝင်ဘာလ(၃၀)ရက်နေ့အထိ (၃)ရက်တာ ဖွင့်လှစ်လျက်ရှိသည့် အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/ သူ(၂၅)ဦး တက်ရောက်လျက်ရှိသည်။

ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ အသင်း၏ ပြန်ကြားဆက်သွယ်ရေးအခန်းကဏ္ဍနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ အရည်အသွေးကို မြှင့်တင်စေရန်၊ နိုင်ငံတစ်ဝန်းဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများကို အပြုသဘောဆောင်သော ပြန်ကြားဆက်သွယ်ရေးအခန်းကဏ္ဍတိုးမြှင့်စေရန်၊ ကြက်ခြေနီပုံရိပ်ကောင်းများ ရရှိစေရန်အတွက် အသင်းဌာနချုပ်နှင့် မြို့နယ်/ ခရိုင်/ ပြည်နယ်/ တိုင်း​ဒေသကြီးအဆင့်များ အချင်းချင်းချိတ်ဆက်ပြီး ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းများကို ပီပြင်စွာဆောင်ရွက်နိုင်စေရန်၊ အပြုသဘောဆောင်သည့် သတင်းအချက်အလက်များကို ပြန်ကြားဆက်သွယ်ခြင်းဖြင့် အလှူရှင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တိုးပွားလာစေရန်နှင့် ပူးပေါင်းပါဝင်လာစေရန်၊ ပြန်ကြားဆက်သွယ်ရေးနည်းလမ်းများမှတဆင့် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းကိုဖွင့်လှစ်ခြင်း ဖြစ်သည်။

ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးသင်တန်းကို မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ခဲ့ပြီး ကျန်ရှိသည့် ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဆက်လက်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)