သရက်ချောင်း နိုဝင်ဘာ ၂၉
"လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့"ဆောင်ပုဒ်နှင့်အညီ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြို ကျောင်းကျန်းမာရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ဦးတည်ချက်(၉)ရပ်ထဲက လူမှုရေးဦးတည်ချက်တွင် ပါဝင်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးတို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာတွင်ကျယ်လာအောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်စန်းမွှေးက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ရာသီတုတ်ကွေးရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောကာ အခမ်းအနား ရုပ်သိမ်းလိုက်သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များနှင့် ဆရာမများက ကျောင်းသား/သူများအား ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)