မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် သက်ငယ်မုဒိန်းမှုများ လျော့ကျရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေး နိုဝင်ဘာ ၂၉

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမျိုးသမီးငယ်ရွယ်သူများအကြမ်းဖက်ခြင်း ကင်းဝေးစေရန်နှင့် သက်ငယ်မုဒိန်းမှုများ လျော့ကျစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလျော့ချရေးအတွက် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်ခင်စန်းက ငယ်ရွယ်နုနယ်သော မိန်းကလေးငယ်များကို မိဘများက စဉ်ဆက်မပြတ်ဂရုပြုထိန်းသိမ်းရေး ဝိုင်းဝန်းစောင့်ရှောက်ပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်မူမူသင်းက ငယ်ရွယ်သူ၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ပေးခြင်း လုပ်ငန်းများ အကြောင်း အား လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်(၃၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)