ကျွန်းစုမြို့တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

ကျွန်းစု နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇင်ဘာလ (၆) ရက်နေ့၌ ကျရောက်မည့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြိုအဖြစ် အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးက ရုတ်တရက် ဦးနှောက်ရောင်ရောဂါ အပါအဝင် (၁၅) နှစ်အောက် ကလေးများတွင် အဖြစ်များသော ရောဂါများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး အသက်(၅)နှစ် မှ (၁၂)နှစ်အထိ ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး(Sinovac) ထိုးနှံပေးခဲ့သည်။

ထို့နောက် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက ကျောင်းသား​၊ ကျောင်းသူများအား BMI တိုင်းတာပေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားကျန်းမာရေး၊ မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် သံဓာတ်အားဆေးများ တိုက်ကျွေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)