လှည်းကူး နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲနှင့် အားကစားသရုပ်ပြပွဲအား ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်)ခန်းမ၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက လူငယ်ရေးရာအကြောင်း သိကောင်းစရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်က လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးသိန်းက အားကစားနှင့်လူငယ်ရေးရာသိကောင်းစရာများအကြောင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းသားရွေးချယ်ခြင်း စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။
ဆက်လက်ပြီး မြို့နယ်အားကစာနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးသိန်းက အထက(အင်းတိုင်) ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများပေးအပ်လှူဒါန်းပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ကျောင်းသူလေးများက အေရိုးဗစ်နှင့် Fitness Dances အားကစားနည်းများဖြင့် သရုပ်ပြခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)