မတ္တရာ ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့မစျေးအတွင်း၌ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ စျေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁)စီး၊ စည်ပင်သာယာရေးအဖွဲ့မှ မီးသတ်ယာဉ်(၁)စီး အမှတ်(၂) ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် မြို့မစျေး အတွင်း၌ မီးသတ်ရေကန်ထားရှိမှု အခြေအနေနှင့် စျေးဆိုင်ခန်းများတွင် လျှပ်စစ်မီးသွယ်တန်း အသုံးပြုမှု အခြေအနေများကို စစ်ဆေးခဲ့ကြသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ပူးပေါင်းဇာတ်တိုက်လေ့ကျင့်မှုတွင် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ၊ စျေးအကျိုးတော်ဆောင်များ၊ မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေး အဖွဲ့(မတ္တရာ)မှ အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စျေးသူစျေးသားများ တက်ရောက်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)