တီးတိန် နိုဝင်ဘာ ၂၈
ချင်းပြည်နယ် တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းကျင်းပ ပြုလုပ်သည့် (၄၈)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက တီးတိန်မြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ပြုလုပ်သည်။
ဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ တွန်းဇံမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော်ဘဒ္ဒန္တကုသလ (မဟာသဒ္ဓမ္မဇောတိကဓဇ) ထံမှ (၈)ပါးသီလ ခံယူ ဆောက်တည်ပြီး ကထိန်လျာ မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တကုသလ (မဟာသဒ္ဓမ္မဇောတိကဓဇ)မှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား ဟောကြားချီးမြှင့်၍ ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ကထိန်အလှူရှင်များမှ ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းကြောင်း သိရသည်။
ဒိုင်းခန့်ဒိမ့်