မန္တလေး နိုဝင်ဘာ ၂၇
မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂ ×၆၆လမ်းကြား၊ ၁၀×၁၂လမ်းကြားရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားတွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားတွင် ဆီမီး ၉၀၀၀ ထွန်းညှိ ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဆီမီးထွန်းညှိပူဇော်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီးဒေါ်မမ၊ တိုင်းဒေသကြီးတရာလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ စည်ပင်သာယာရေးရာဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မဟာလောကမာရဇိန်ကုသိုလ်တော်မြတ်စွာဘုရားအား ပန်း၊ ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ဘုရားဖူးပြည်သူများနှင့်အတူ ဘုရားရင်ပြင်(အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်၊ အနောက် မြောက်ဘက် ရင်ပြင်)တို့၌ ဆီမီး (၉၀၀၀)ထွန်းညှိပူဇော်ကြပြီး၊ ဘုရားပရဝုဏ်အတွင်း ဆီမီးပူဇော်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဆီမီးထွန်းညှိပူဇော်ပွဲသို့ ဘုရားဖူးပြည်သူ ၁၀၀၀ ကျော် လာရောက်ကြည်ညိုကြရာ ဂေါပကအဖွဲ့နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ပြည်သူများကို မုန့်လုံးရေပေါ်ဖြင့် စတုဒီသာကျွေးမွေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)