ထားဝယ်မြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်                              

ထားဝယ်  နိုဝင်ဘာ ၂၈

ထားဝယ်ခရိုင်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက အထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ ဦးစီး၍ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၊ ဈေးအကျိုးတော်ဆောင်များနှင့် ဈေးသူ/သားများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ထားဝယ်မြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုအခါသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုသို့ ရောက်ရှီလာပြီ ဖြစ်သဖြင့် ရာသီဥတုကြောင့်လည်းကောင်း၊ ကူးစက်မီး၊ ပေါ့ဆမီး၊ မသမာသူများ၏ ရှို့မီး၊ လျှပ်စစ်မီး။ လောင်စာဆီမီး၊ ဓာတုပစ္စည်း၊ ဓာတုမီးများကြောင့် လည်းကောင်း၊စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ မီးလောင် ဆုံးရှုံးမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် စသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က မီးငြှိမ်းသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျှင်အမြန် ရောက်ရှိနေရာယူကြပြီး မီးဘေးသဏ္ဍာန် တူဈေးအဆောက်အဦအားမီးငြှိမ်းသတ်ခဲ့ကြပြီး ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအား အသုံးပြု၍ ကယ်ဆယ်ခြင်းလုပ်ငန်းများကို လျှင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မီးလောင်ပြီးသည့်နက်တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဈေးအဆောက်အဦအတွင်း ပိတ်ဆို့ဖိမိနေသူများအား လိုက်လံရှာဖွေပြီးရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ အဆောက်အဦအပြင်ဘက်သို့ လျှင်မြန်စွာ ကယ်ထုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ် နှလုံးနှိုးဆွအသက်ရှူနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းတို့ကို အချိန်တိုအတွင်း အလျှင်အမြန်ပြီးစီးရန် ဇာတ်တိုက် လေ့ကျင့်ခဲ့ ကြကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)