ကျွန်းစုမြို့နယ် မြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်

ကျွန်းစု နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် ယနေ့ နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအရှေ့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ စခန်းမှူး ဦးအောင်ဇော်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ​မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာ ဗဟုသုတ ရရှိစေရန်၊ သဘာဝဘေးအန္တရာယ် အမှန်တကယ် ကြုံတွေ့ရသည့်အခါ စနစ်တကျ ရင်ဆိုင်တုံ့ပြန်တတ်စေရန်၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကြိုတင်သတိပေးခြင်းအတွက် အားနည်းချက်/အားသာချက်များအား သိရှိဖော်ထုတ်ဖြည့်စွက်ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် စျေးသူစျေးသားများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကနဦး မီးငြှိမ်းသတ်လျက်ရှိရာ မီးသတ်သန္ဓေတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က မီးငြှိမ်းသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန် ရောက်ရှိ နေရာယူကြပြီး အဆောက်အဦအား မီးငြှိမ်းသတ်ခဲ့ခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား အသုံးပြု၍ ကယ်ဆယ်ခြင်း လုပ်ငန်းများကို လျင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မီးငြှိမ်းသတ်နိုင်သည့် နေရာအတွင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့က စျေးအဆောက်အဦအတွင်း ပိတ်ဆို့နေသူများအား လိုက်လံရှာဖွေကာ စျေးအပြင်ဘက်သို့ လျင်မြန်စွာ ကယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုနည်းများဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)