ထားဝယ် နိုဝင်ဘာ ၂၈
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်မူလတန်းကြို ကျောင်းခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်ဘက်စုံ ထောင့်စုံ၊ ကဏ္ဍစုံကနေပြီး အရှိန်အဟုန်ဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများကြောင့် အဟန့်အတားလုပ်ငန်းများ မဖြစ်စေရေးအတွက် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့် အခါတွင် ဘေးအန္တရာယ်နှင့်ရာသီဥတုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအား ထည့်သွင်း ရေးဆွဲနိုင်မည့်အပြင် ဝန်ထမ်းများ၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာမှာဖြစ်ပြီး ဘေးကင်းလုံခြုံသော ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူမှုအသိုက်အဝန်းကို ထူထောင်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှရရှိလာမည့် အသိပညာ ဗဟုသုတများကို အကျိုးရှိထိရောက်အောင်သင်ယူရင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်တုံ့ပြန်နိုင်ရေးကို စနစ်တကျဆောင်ရွက်တတ်စေရန်၊ ရပ်ရွာအခြေပြုဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို လုပ်ဆောင်တက်စေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များအတွက် အရန်အင်အားအဖြစ် အင်အားတောင့်တင်းလာနိုင်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး သင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
သင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်းသင်တန်းသား/သူ(၃၀)ဦးအား နိုဝင်ဘာ ၃၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)