ကော့သောင်းမြို့တွင်  ငှက်ဖျားရောဂါရှာဖွေကုသမှုကွင်းဆင်းဆောင်ရွက်ခြင်းပြုလုပ်

ကော့သောင်း  နိုဝင်ဘာ ၂၈

ဒီဇင်ဘာလ ၆ ရက်နှင့်၇ရက်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ (၁၄)မိုင်ကျေးရွာအုပ်စုရှိ ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများက ဆီအုန်းခြံလုပ်သားများနှင့် ကျေးရွာနေပြည်သူများအား ငှက်ဖျားရောဂါရှာဖွေကုသမှု ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးဒေါက်တာ လင်းထိုက်က အမှာစကားပြောကြာခဲ့ပြီး (ရ.ပ.က.န)မှ ခရိုင်လက်ထောက်ငှက်ဖျားမှူးဦး ဦးတင်မောင်က ငှက်ဖျားရောဂါဖြစ်ပွားရခြင်းအကြောင်းနှင့် ကာကွယ်ရမည့်နည်းလမ်းများအကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ယင်းနောက် ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများက ငှက်ဖျားရောဂါရှာဖွေစစ်ဆေးမှုပြုခဲ့ကြပြီး၊ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ငှက်ဖျားရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)