ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် နှမ်းနက်(ခေါ်) စမုံနက်နှမ်းနက်များ အောင်မြင်ဖြစ်ထွန်း

ရှမ်းရွာသစ် နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူ ဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများ ပိုမိုရရှိနိုင်သည့် နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှမ်းနက်ကို စိုက်ပျိုးရာတွင် မြေကိုညက်အောင်ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ နှမ်းမျိုးအနေဖြင့် (၂) ပြည်ခန့် အသုံးပြုရကြောင်း စိုက်ပျိုးပြီး (၂၅)ရက်အကြာတွင် ပေါင်းပင်များနှုတ်ခြင်း၊ မြေဆွ ပေးခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ မိုးရွာသွန်းသည့်အခါ မြေဩဇာကျွေးခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ နှမ်းတစ်ဧကတွင် အပင်အပြုအစု၊ ရာသီဥတုနှင့် မြေအမျိုးအစားပေါ် မူတည်၍ တစ်ဧကတွင် (၁၄) တင်းမှ (၂၀) တင်းထွက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး နှမ်းနက် စိုက်ခင်းများအထွက်နှုန်း နည်းပါးသော်လည်း ကာလပေါက်ဈေးအရ တစ်တင်းကို ငွေကျပ်(၈၀၀၀၀)ခန့် ရှိတာကြောင့် နှစ်စဉ်တောင်ယာလုပ်ငန်းနှင့် တွဲဖက်ပြီး စိုက်ပျိုးကြောင်း မဲသမူးကျေးရွာရှိ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းများနှင့်တွဲဖက်ကာ ဆောင်းသီးနှံများ စိုက်ပျိုးသည့် လုပ်ငန်းကို နှစ်စဉ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)