တန်ဆောင်မုန်းလပြည့်နေ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားများတွင် ဆီမီးပူဇော်ကြပြီး ရွှေစည်းခုံဘုရားတွင်ဆီမီး ၅၀၀၀ ပူဇော်

ညောင်ဦး နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်း စေတီပုထိုးများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ရက်၊ ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ည ၆ နာရီခွဲ အချိန်မှ စတင်ကာ ရွှေစည်းခုံဘုရားကြီးနှင့် သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော်ကြကြောင်း ရွှေစည်းခုံဘုရားကြီးတွင်လည်း ဆီမီး ၅၀၀၀ ကပ်လှူပူဇော်ခဲ့ကြကြောင်း ဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်ထံက သိရသည်။

ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ၊ ပုထိုးများကို ဆီမီးပူဇော်ကြ ရာ ဓမ္မရံကြီးဘုရား၊ ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့်၊ စိုးမင်းကြီးအုတ်ကျောင်း ပတ်ဝန်းကျင်ဘုရားများ၊ အပ္ပာယ်ရတနာပတ်ဝန်းကျင်ရှိဘုရားများ၊ ရွှေဆံတော်ပတ်ဝန်းကျင်ရှိ ဘုရားများ၊ အနော်ရထာလမ်းမကြီး ဘေးဘက်ဝဲ/ယာဘုရားများကို ထိခိုက်မှုမရှိစေပဲ၊ ဒေသခံများက တန်ဆောင်မုန်း လပြည့်နေ့ ညဆီမီးပူဇော်ခဲ့ကြကြောင်း သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၈ ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောက နန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင် တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ပြဿာဒ်ကြီးဘုရားများအား ဆီမီးပူဇော်ကြကြောင်း သိရသည်။

ဒီပါလင်း