ဟိုပုံးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကျင်းပ

ဟိုပုံး နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်းက အဖွင့်အမှာ စကားပြောကြားရာတွင်  သဘာဝဘေးအန္တရာယ်တွေကြောင့် ဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေရဲ့ လူ့အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးရသလို နှစ်ပေါင်းများစွာတည်ဆောက် ကြိုးပမ်းလာခဲ့ရတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း တခဏခြင်း ပြိုကျပျက်စီးသွားစေနိုင်တာဖြစ်တဲ့အတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအစီအမံများကို စနစ်တကျရေးဆွဲထားရှိပြီး ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့စီမံဆောင်ရွက်ထားရှိရမှာဖြစ်ကြောင်း၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ သဘာဝဘေးအန္တရာယ်များကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမယ်၊ ကြိုတင်ပြင်ဆင်ရမည်ဆိုတဲ့ အတွေ့အကြုံ၊ ဗဟုသုတများလည်း လေ့လာထားသင့်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းမှသည် မြို့နယ်အတွက် အကျိုးဖြစ်ထွန်းမည့်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားပါရန်မှာကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်းတွင် ဟိုပုံးမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး နိုဝင်ဘာလ (၂၈) ရက်နေ့မှ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ စာတွေ့/ လက်တွေ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)