မတ္တရာမြို့နယ်၌ ၃၄ ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန် ကျင်းပ

မတ္တရာ နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ကျင်းပပြုလုပ်သော ၃ ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ဝန်ထမ်းပေါင်းစုံမဟာဘုံကထိန် ဉာတ်မကြီးနှင့် ဌာနဆိုင်ရာ အရန်ပဒေသာပင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်၍ ကထိန်ဉာတ်မကြီးနှင့် အရန်ပဒေသာပင်များကို မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်အကြည်ညိုခံ၍ ဉာတ်မကြီး မဲကျရာ မတ္တရာမြို့ အမှတ်(၅)ရပ်ကွက် ရွှေသိမ်တော် (မြောက်) ကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြသည်။ တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင်  ရေစက်ချ မင်္ဂလာအခမ်းအနားကို ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ရွှေသိမ်တော် (မြောက်) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသထံမှ ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဉာတ်ကထိန်သင်္ကန်းကို သံဃာတော်များအား ရည်မှန်း၍ ရွှေသိမ်တော် (မြောက်) ကျောင်းတိုက် ဆရာတော်အား ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။  ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်း ကပ်လှူကြသည်။  ဆက်လက်၍ ရွှေသိမ်တော်(မြောက်)ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝံသမှ ကထိန်ရေစက်ချ အနုမောဒနာတရားကို နာယူပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြ သည်။

မတ္တရာမြို့နယ်ရှိ ဌာနဆိုင်ရာများ စုပေါင်း၍ ကျင်းပပြုလုပ်သော ၃ ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်တော်တွင် ကထိန်ဉာတ်မကြီးအတွက် ငွေသားလှူဒါန်းမှု (၁၂၁) သိန်းနှင့် ပစ္စည်း တန်ဖိုး ကျပ်(၃၃)သိန်း စုစုပေါင်းတန်ဖိုး ကျပ် (၁၅၄) သိန်း လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)