လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒုတိယအကြိမ် စုပေါင်းဘုံကထိန်အလှူမင်္ဂလာကျင်းပ  

လားရှိုး နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ဒုတိယအကြိမ် စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက် (၁) ၊ ပါရမီလမ်းသွယ် (၁၅) ရှိ ဓမ္မရတနာကန့်ဘလူကျောင်းတိုက်တွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ်များက လားရှိုးမြို့ ၊ မြို့မကျောင်းဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ် တရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်မောင်စိုး နှင့်ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ ဧည့်ပရိသတ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အနုမောဒနာတရားနာကြားခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)