ညောင်ရွှေ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ အကြိမ်(၇၀)မြောက် စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာ ရေစက်ချတရားတော်နာ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက နိဂြောဓာရုံ ကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နိဂြောဓာရုံကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကထိန်လျာ ဉတ်သင်္ကန်း၊ အရန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော် သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ညောင်ရွှေမြို့ အကြိမ် (၇၀)ကြိမ်မြောက် စုပေါင်းဘုံကထိန်တွင် အလှူပစ္စည်းတန်ဖိုး ၁၂၈၃၂၃၀၀ ကျပ်၊ အလှူငွေ ၁၁၃၇၆၅၀၀ ကျပ်၊ စုစုပေါင်းအလှူတန်ဖိုး ၂၄၂၀၈၈၀၀ကျပ် ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်