နန်းပန်မြို့၌ မြို့လုံးကျွတ် မဟာဘုံကထိန် လှည့်လည်

ညောင်ရွှေ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် နန်းပန်မြို့၌ ယမန်နေ့ နံနက်ပိုင်းက မြို့လုံးကျွတ်မဟာဘုံကထိန် လှည့်လည်ခဲ့ကြောင်း သိရသည်။

မြို့လုံးကျွတ်မဟာဘုံကထိန် လှည့်လည်ခြင်းကို နန်းပန်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံများ၊ ကျောင်းသား၊ ကျောင်းသူများက နန်းပန်မြို့တွင်း အိုးစည်၊ ဗုံ၊ မောင်းများဖြင့် လှည့်လည်ခဲ့ကြသည်။ ထို့နောက် နောင်ကန်ဘုန်းတော်ကြီးကျောင်းတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကထိန်လျာ ဉတ်သင်္ကန်း၊ အရန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

နန်းပန်မြို့ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာများစုပေါင်း၍ အလှူပဒေသာပင် ၁၈ ပင်၊ အလှူပစ္စည်းနှင့် အလှူငွေ စုစုပေါင်း ၅၇၈၀၈၅၀ကျပ်ဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်