မိုင်းခတ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ (၃၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က စုရပ်ဖြစ်သော မြို့လယ်ပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှတစ်ဆင့် အလှည့်ကျကျောင်းဖြစ်သော အမှတ်(၁)ရပ်ကွက် မဟာဗောဓိဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။
ထို့သို့ လှည့်လည်ပူဇော်ရာတွင် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိုင်းခတ်မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့မှ စေတနာရှင်၊ အလှူရှင်များ လိုက်ပါ၍ စုရပ်ဖြစ်သော မြို့လယ်ပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှတစ်ဆင့် ကျော်စိုးမိုးလမ်း၊ မင်းရန်အောင်လမ်းအတိုင်း မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မဟာဗောဓိဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်တွင် ပဒေသာပင်များအား ပူဇော်ခံထားရှိခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)