(၇၆)ကြိမ်မြောက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်

မောက်မယ် နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသည့် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်သော (၇၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်အလှူတော်များ ယမန်နေ့ညနေ(၃)နာရီက လှည့်လည်ပူဇော်ခံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်ပါလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  

ထိုသို့ ပူဇော်ခံရာ၌ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံ ပြည်သူများလိုက်ပါ၍ ကား၊ ထော်လာဂျီများ၊ လူထမ်းစင်များတို့ဖြင့် စုရပ်ဖြစ်သော သီရိမင်္ဂလာမြို့လယ်ဓမ္မာရုံမှစ၍ ပဒေသာပင်များအား ရှမ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်းအဖွဲ့များနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးမှ တပင်ရွှေထီးလမ်းမတစ်လျှောက် မြို့ပတ်လှည့်လည်ပူဇော်ခံပြီး အောင်မင်္ဂလာမွေတော်ကျောင်းတွင် ပဒေသာပင်များအား ပူဇော်ခံထားရှိပြီး (၇၆)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားကို ယနေ့တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)