ထားဝယ် နိုဝင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူး၍ ရပ်ကွက်ပေါင်းစုံပါဝင်သော ထားဝယ်ဒေသ၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ (၁၁၁)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ ဘုရားဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ရွှေတောင်စားလမ်း၊ လောကမာရ်ဇိန် ဘုရားကြီးဝင်းအရှေ့ ဘက်မုခ်မှစ၍ ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာဖြင့် ဒေသစာရီလှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
ထို့သို့ လှည့်လည်ပူဇော်ခံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများက နှစ်ကျိပ်ရှစ်ဆူဘုရားဒေသ စာရီလှည့်လည်ပူဇော်ပွဲကို ဖူးမြော်ကြည်ညို ကုသိုလ်ပြုကြသည်။
ထို့နောက်ဘုရားကြီးဂေါပက အဖွဲ့မှ ဦးဆောင်၍ ဥပသကာများက နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်မြတ် များအား ဘုရားဝင်းအတွင်းမှ ရွှေတောင်စားလမ်း၊ ဆေးရုံလမ်းအတိုင်း အာဇာနည်လမ်း၊ ရုံးကြီးလမ်းဆုံ၊ ဈေးတောင်ဘက်လမ်း၊ ဗိုလ်ချုပ်လမ်း ၊ မင်္ဂလာလမ်း၊ အလယ်လမ်း၊ ညောင်ပင်ကြီးလမ်း၊ ကမ်းနားလမ်း၊ ကျောင်းသစ်လမ်း၊ သုခလမ်း၊ တရုတ်တန်းလမ်း၊ အနောက်မြို့တွင်းလမ်း၊ ဥတ္တံတားကြီးလမ်းဆုံ၊ နိဗ္ဗာန်လမ်း၊ မြိတ်တန်းလမ်း၊ ကမြောကင်းလမ်အတိုင်းဆန်းချီလမ်းဆုံ၊ ရေးလမ်း၊ ဥတ္တံတားကြီးလမ်းဆုံ မှတဆင့် ဘုရားကြီးဝင်းအတွင်းသို့ စည်ကားသိုက်မြိုက်စွာဖြင့် ဒေသစာရီကြွချီ လှည့်လည်ပူဇော်ခံသည်။
နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံချိန်၌ ဘုရားလှည့်လည်ရာတွင် ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာနာမည်များကို ထားဝယ်လိုဖြင့် ရေးသားဖော်ပြမှုရှိခဲ့ပြီး သရုပ်ဖော် ရုပ်လုံးရုပ်ကြွများဖြင့် ထည့်သွင်းလှည့်လည်ခဲ့သောကြောင့် ဘုရားဖူးလာရောက်ပြည်သူများနှင့် ဒေသခံပြည်သူများ စိတ်ဝင်စားမှုရှိခဲ့ကြသည်။
တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကြီးကို နှစ်စဉ်ကျင်းပလာခဲ့ရာမှ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၀ ခုနှစ်မှ စ၍ (၂၀၂၂)ခုနှစ်အထိ (၃)နှစ် ရပ်နားထားခဲ့ရပြီး ယခု (၂၀၂၃)ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ကာ ထားဝယ်ရိုးရာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲသည် ဒေသတွင်း အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်၍ ထားဝယ်ဒေသခံများနှစ်စဉ် ပါဝင်ဆင်နွှဲလေ့ရှိသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။
၄င်းနောက် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ခံရာ လမ်းတလျှောက်တွင် ဒေသခံပြည်သူများက ဆွမ်း၊ ရေချမ်း၊ပန်း၊ ဆီးမီး၊ ငွေပဒေသာပင်များ ကပ်လှူပူဇော်ကြပြီး ဥပသကာများအား စေတနာရှင်၊ အလှူရှင်များက ကျွေးမွေးများဖြင့် ဧည့်ခံကြသည်။
ထားဝယ်မြို့၏ ကျက်သရေဆောင်နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားရုပ်ပွားတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံပွဲကို ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်မှစပြီး ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင်နှစ်ပေါင်း (၁၁၁)နှစ်တိုင်တိုင် ကျင်းပလာခြင်းဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကြီးကို ဘုရားကြီးဝင်းအတွင်း၌ တန်ဆောင်မုန်းလဆန်း (၁၁)ရက် နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ (၂၃ - ၁၁ - ၂၀၂၃) ရက်နေ့မှ (၂၇- ၁၁ - ၂၀၂၃) ရက်နေ့အထိ ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်း၌ ရဟန်းရှင်လူပြည်သူများ၊ စျေးဆိုင်များဖြင့် စည်းကားလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)