လယ်ဝေးမြို့နယ်လုံးဆိုင်ရာ အကြိမ်(၄၀)မြောက်၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ

လယ်ဝေး နိုဝင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ တရားတော်နာအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ မြို့ဦးတိုက်သစ်သံလမ်းကျောင်းဆရာတော် ဘဒ္ဒန္တသုဇန မထေရ်မြတ်နှင့် ပင့်သံဃာ ၅၀ ပါးကြွရောက်သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ မြို့ဦးတိုက်သစ် သံလမ်းကျောင်းဆရာတော် ဘဒ္ဒန္တသုဇန မထေရ်မြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါသီလ ခံယူဆောက်တည်သည်။ ဆက်လက်၍ လယ်ဝေးမြို့၊ သရက်ကုန်းကျေးရွာအုပ်စု၊ တောင်နီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ကထိန်လျာသင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် လယ်ဝေးမြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ သရက်တောကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသုဇန မထေရ်မြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုအား ရေစက်သွန်းချ အမျှပေးဝေသည်။

ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ကာ အလှူရှင်များ လှူဒါန်းထားသည့် ပဒေသာပင်များအား မဲနှိုက်၍ ကျောင်းတိုက် အသီးသီးသို့ ပို့ဆောင်လှူဒါန်းသည်။ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်တွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ပဒေသာပင် ၄၈ ခု ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)