မိုင်းစံ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ (၃၂)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်း မဟာဘုံကထိန်အလှူပွဲတော်အား ယမန်နေ့ မွန်းလွဲ(၃:၃၀) အချိန်က မိုင်းစံမြို့ရှိ ရပ်ကွက် (၃)ရပ်ကွက်မှ စေတနာရှင် အလှူရှင်များ၊ ပညာရေးမိသားစုနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပဒေသာပင်များအား လှည့်လည်ပူဇော်ခဲ့ပါသည်။
အဆိုပါ စုပေါင်း မဟာဘုံကထိန်အလှူပွဲတော်ကို ပဒေသာပင်များ၊ အိုးစည်ဗုံမောင်းများ၊ အကများဖြင့် မြို့အတွင်းသို့ စည်းကားသိုက်မြိုက် ပျော်ရွှင်စွာ လှည့်လည်ပူဇော်ခဲ့ပြီး မိုင်းစံမြို့ မြို့လယ်ကျောင်းတိုက်သို့ ပဒေသာပင်များအား ပို့ဆောင်လှူဒါန်းခဲ့ကြပါသည်။
လှူဒါန်းသည့် ပဒေသာပင် စုစုပေါင်း(၆) ပင် ဖြစ်ပါသည်။ ၎င်း (၃၂)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းဘုံကထိန်အလှူပွဲတော်ကြီးမှ လှူဒါန်းသော ကထိန်ကလျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ၂၇-၁၁-၂၀၂၃ ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် မိုင်းစံမြို့ မြို့လယ်ကျောင်းတိုက်၌ စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်သူမြတ်တို့ ဟောပြောအပ်သော ပရိတ်တရားတော်၊ အနုမောဒနာတရားတော်မြတ်တို့ အတူတကွ နာယူပြီး ရေစက်သွန်းချ အမျှပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)