သရက်ချောင်းမြို့တွင် မြို့နယ်အဆင့် ငှက်ဖျားကူးစက်မှု ပပျောက်ရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအခမ်းအနားကျင်းပ

သရက်ချောင်း    နိုဝင်ဘာ   ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ငှက်ဖျားကူးစက်မှု ပပျောက်ရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဆရာ/ဆရာမများ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းမှ မန်နေဂျာ ဦးဝင်းထွန်းအေးနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ကာ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ငှက်ဖျားကူးစက်မှု ပပျောက်ရေးနှင့် ပတ်သက်၍ မြို့နယ်ကျန်းမာရေးဌာန ဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်းမာရေးဌာနမှ မြို့နယ်နေပြည်သူ့များအား ငှက်ဖျားကူးစက်မှု စစ်ဆေးမှုအား နှစ်အလိုက်စစ်ဆေးခဲ့မှုအခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ဆေးဘက်ကျွမ်းကျင်-၃ ဦးဇော်လွင်မှ မြို့နယ်အဆင့် ငှက်ဖျားကူးစက်မှုပပျောက်ရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်းမှ ဦးဝင်းထွန်းအေးက မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးတို့က အကြံပြုရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)