မိုင်းခုတ် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က မြို့မတပ်ဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်မှုတွင် မိုင်းခုတ်မြို့ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ နေ့ဆွမ်းအလှူရှင်နှင့် ဒေသခံပြည်သူများတို့မှ စုပေါင်းပြုလုပ်ထားသော ပဒေသာပင် (၁၁)ပင်၏ တန်ဖိုးငွေသား (၂၅၀၀၀၀၀)ကျပ် ပစ္စည်းတန်ဖိုး (၉၃၆၅၀၀) ကျပ် စုစုပေါင်းတန်ဖိုး (၃၄၃၆၅၀၀) ကျပ်အား ယနေ့နံနက် ၈ နာရီခန့်က ရပ်ကွက်များအတွင်း လှည့်လည်အပူဇော်ခံခဲ့ကြသည်။
လှည့်လည်အပူဇော်ခံမှုအပြီး မြို့မတပ်ဦးကျောင်းတိုက်အတွင်း၌ ဘုရားကန်တော့ခြင်း၊ မြို့မတပ်ဦးကျောင်း တိုက်ဆရာတော်နှင့် ဆရာတော်အရှင်သူမြတ်များထံမှ မိုင်းခုတ်မြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်နှင့် ဌာနဆိုင်ရာများ၊ ပညာရေးမိသားစုများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူတို့မှ ငါးပါသီလ ခံယူကြခြင်း၊ တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချ အမျှဝေကြခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်ခြင်းတို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)