ဟားခါးမြို့အတွင်းရှိ မြို့မစည်ပင်စျေးနှင့် ရာလ်ဒွန်းစျေးတို့တွင် ကုန်စိမ်းရောင်းသူများ ကျန်းမာရေးနှင့် အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဟားခါး  အောက်တိုဘာ  ၂၃

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်း Mask များ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီအချိန်က ဟားခါးမြို့အတွင်းရှိ မြို့မစည်ပင်စျေးနှင့် ရာလ်ဒွန်းစျေးတို့တွင် ကုန်စိမ်းရောင်းသူများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက မြို့မ စည်ပင်စျေးနှင့် ရာတွင်းစျေးတို့တွင် ကုန်စိမ်းရောင်းသူများ Hand Gel ထားရှိမှု ရှိ၊ မရှိ၊ စျေးဝယ်သူများနှင့် စျေးရောင်းသူများ Mask တပ်ဆင်မှု ရှိ၊ မရှိ၊ နေရာအကွာအဝေး သတ်မှတ်ရောင်းချမှု ရှိ၊ မရှိ အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ နှင့်အညီ ရောင်းချမှုများ ရှိ၊ မရှိကို အရှိန်အဟုန်မြှင့် စစ်ဆေးပြီး လိုက်နာမှုမရှိသူများအား မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟားခါးမြို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိမှု ပိုမိုများပြားလာသဖြင့် ကွင်းဆင်းဆောင်ရွက်မှုများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း၊ အဆိုပါကွင်းဆင်းစစ်ဆေးမှုများကို တစ်လလျှင် ၁၂ ကြိမ်နှုန်းဖြင့် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)