ထန်တလန်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်များအား သင်တန်းပို့ချ

ထန်တလန် အောက်တိုဘာ ၂၃

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မဲရုံဆိုင်ရာ သင်တန်းပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထန်တလန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမနှင့် မြို့နယ်ခန်းမတို့တွင် အသီးသီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က အဖွင့်အမှာစကား ပြောကြား ပြီးနောက်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက သင်ခန်းစာမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲ အခြေခံဗဟုသုတများ ဆန်းစစ်အကဲဖြတ်ခြင်းတို့ကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်သော သင်တန်းသို့ ထန်တလန်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး (၁၀၆)ဦး တက်ရောက်ပြီး အခြေခံပညာ အထက်တန်းကျောင်းခန်းမနှင့် မြို့နယ်ခန်းမတို့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသော မဲရုံတာဝန်ထမ်းဆောင် မည့်သူများအတွက် ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထလာမန်းနှင့် သင်တန်းနည်းပြတို့က မြို့နယ်အတွင်းရှိ မဲရုံ(၁၀၅)ရုံတို့တွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား သင်ခန်းစာမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲ အခြေခံဗဟုသုတများ ဆန်းစစ်အကဲဖြတ်ခြင်း၊ မဲရုံဖွင့်/ပိတ်ခြင်း မဲရုံအတွင်းသို့ဝင်ခွင့်ရှိသူများ၊ မသန်စွမ်းသူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်းဆိုင်ရာနှင့် ကိုယ်အပူချိန်မြင့်မားသည့် မဲဆန္ဒရှင်များ အတွက် မဲပေးခြင်းဆိုင်ရာများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်လုပ်ပိုင်ခွင့်နှင့် စိစစ်ရမည့် အချက်များ၊ စောင့်ကြည့်လေ့လာသူများ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် မဲရုံကိုယ်စားလှယ်လောင်းများ၏ အခန်းကဏ္ဍ၊ မဲရုံပြင်ပ တာဝန်ထမ်းဆောင်သူများ၏ လုပ်ငန်းစဉ်၊ ကျန်းမာရေးစံနှင့်အညီ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ ကိုယ်အပူချိန်မြင့်မားသူများ မဲပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များအတွက် စစ်ဆေးရမည့် အချက်များ၊ ခိုင်လုံမဲ/ပယ်မဲများနှင့် ပုံစံများအသုံးပြုခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)