မတူပီမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်မည်

မတူပီ  အောက်တိုဘာလ  ၂၃

မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးသင်တန်းကို အောက်တိုဘာလ(၂၅)ရက်နှင့် (၂၈)ရက်ထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရသည်။

မတူပီမြို့နယ် အထွေထွေရွေးကောက်ပွဲ ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၂)အုပ်စုတွင် မဲဆန္ဒရှင် (၃၈၆၆၀) ဦးကို မဲရုံပေါင်း(၁၅၀) ရုံဖြင့် ဆန္ဒမဲပေးကြမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင် ကြမည့် ဆရာ၊ ဆရာမ များ သင်တန်းတွင် သင်တန်းနည်းပြ (၅)ဦးတို့က မဲရုံမှူး(၁၅၀)ဦး၊ ဒုတိယမဲရုံမှူး (၁၅၀)ဦး စုစုပေါင်း သင်တန်းသား(၃၀၀)ဦးအား ပထမသုတ်၊ဒုတိယသုတ်ဖြင့် သင်ကြား‌ ပို့ချပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်ရိုး(၁)မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ မဲရုံအဖွဲ့ဝင်များခန့်အပ်ခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ဆိုင်ရာ သတိပြုရန်အချက်များ၊ သင်ရိုး(၂) မဲရုံတည်နေရာနှင့် မဲရုံအခင်းအကျင်း ကြိုတင်ပြင်ဆင်မှုများ၊ လိုအပ်သောစာရွက်စာတမ်းနှင့် ပစ္စည်းများစာရင်း၊ သင်ရိုး(၃) လိုအပ်သည့် ပုံစံများ၊ စစ်ဆေးရမည့်အချက်အလက်များ၊ မသန်စွမ်းသူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်း၊ သင်ရိုး(၄) မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များ၊ သင်ရိုး (၅) မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ရေတွက်ရရှိသော မဲရလဒ်ထုတ်ပိုးခြင်း၊ မဲရုံပိတ်ခြင်း နှင့် မဲရေတွက်ခြင်း တိုက်ဆိုင်စစ်ဆေးမှုစာရင်း၊ သင်ရိုး(၆) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်ပြစ်ဒဏ် များတို့ကို သင်တန်းနည်းပြဆရာ၊ ဆရာမများမှ ပထမသုတ်ကို(၂၅ရက်နှင့် ၂၆ရက်)၊ ဒုတိယသုတ်ကို (၂၇ ရက်နှင့် ၂၈ ရက်)ခွဲ၍ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနိုင်းအွမ်ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)