မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေး

မံစီ အောက်တိုဘာ  ၂၂

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက်   ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ယနေ့နံနက် ၁၁ နာရီခန့်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် ဦးဆောင်သည့် မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြကာ မံစီမြို့ပေါ် ရပ်ကွက် (၄) ရပ်ကွက်အတွင်းရှိ မဲရုံများပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး မဲရုံများအတွင်း လိုအပ်သည်များကို မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူးက  လမ်းညွှန်မှားကြားခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်အတွင်း ထားရှိမည့် မဲရုံအားလုံးကို ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ မဲရုံများအတွင်း လိုအပ်သည်များရှိပါက ထပ်မံဖြည့်စွက်ပြင်ဆင်ခြင်း၊ မဲရုံများအတွင်း ပိုးသတ်ဆေးဖျန်းခြင်း စသည်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မံစီမြို့နယ်အတွင်း ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၈) အုပ်စုအတွင်း မဲရုံ (၃၉) ရုံ ထားရှိသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင်ဦးရေ (၄၀၇၉၆) ဦးခန့်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ရိန် (ပြန်/ဆက်)