ပလက်ဝမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပလက်ဝ အောက်တိုဘာ  ၂၂

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသာကျော်က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာများရှိ မဲရုံများသို့ သွားရောက်ရမည့် လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ မဲရုံသုံးပစ္စည်းများ လုံခြုံစွာ ပို့ဆောင်နိုင်ရေး ကိစ္စများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မိုးဝင်းက မဲရုံများအတွက်လိုအပ်သည့် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ အချိန်မီ ဖြန့်ဝေနိုင်ရေး၊ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများကို မဲရုံမှူး၊ဒုမဲရုံမှူးသင်တန်း ပို့ချနိုင်ရေး စသည့် အချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပလက်ဝမြို့နယ်အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ကျော်(ပလက်ဝ)