ရွှေကူမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများ ပိတ်ခြင်းနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များ ထည့်ခြင်း အစီအစဉ်ဆောင်ရွက်

ရွှေကူ အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေး ကြိုးများ ပိတ်ခြင်းနှင့် ကြိုတင်ဆန္ဒမဲ လက်မှတ်များထည့်ခြင်း အစီအစဉ်ကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေကူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မမက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်း ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ စောင့်ကြည့်လေ့လာသူများ၏ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲပုံးများအား အလွတ်ပြသခြင်း၊ လုံခြုံရေးကြိုးများဖြင့် ပိတ်ခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ယင်းနောက် ရွှေကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရောက်ရှိလာသော မြစ်ကြီးနားမြို့ အကျဉ်းထောင်မှ ကြိုတင် ဆန္ဒမဲပေးသူ (၄) ဦးနှင့် ဗန်းမော်မြို့ အကျဉ်းထောင်မှ ကြိုတင်ဆန္ဒမဲပေးသူ (၄၅) ဦး စုစုပေါင်း (၄၉) ဦးတို့၏ ကြိုတင် ဆန္ဒမဲလက်မှတ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ရှေ့တွင် လုံခြုံရေး ကြိုးဖြင့် ပိတ်ထားသော ကြိုတင် ဆန္ဒမဲပုံးများအတွင်း ထည့်ခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ကြိုတင် ဆန္ဒမဲပုံးများရှိ လုံခြုံရေး လျှို့ဝှက်ကုဒ်အား မှတ်သားစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)