နမ့်ခမ်းမြို့နယ်တွင် အလတ်စားစက်မှုလုပ်ငန်းဖြစ်သည့် ရှမ်းခေါက်ဆွဲထုတ်လုပ်မှုလုပ်ငန်းဖြင့် မိသားစုဝင်ငွေ အဆင်ပြေ

နမ့်ခမ်း အောက်တိုဘာ ၁၇

နမ့်ခမ်းမြို့၌ အလတ်စားစက်မှုလုပ်ငန်းဖြစ်သည့် ရှမ်းခေါက်ဆွဲထုတ်လုပ်မှုလုပ်ငန်းဖြင့် မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ထုတ်လုပ်လျက်ရှိသော ရှမ်းခေါက်ဆွဲသည် ရှေးယခင်က လက်မှုလုပ်ငန်းမှတဆင့် ယခုအခါတွင် အလတ်စားစက်မှုလုပ်ငန်းအဖြစ်သို့ တိုးတက်လျက်ရှိသည်။ ရှမ်းခေါက်ဆွဲထုတ်လုပ်ရာတွင် ရှေးဦးစွာ ဆန်ကို (၂)နာရီခန့် စိမ်ထားရပြီး စက်ဖြင့် အမှုန့်ဖြစ်အောင် ကြိတ်ရသည်။ ထိုဆန်မှုန့်ကို ပေါင်းစက်ဖြင့် ကျက်အောင်ပေါင်းကာ ဖိစက်ဖြင့် အပြားလိုက်ဖြစ်အောင်ပြုလုပ်ရပြီး စက်ဖြင့် အဆင့်ဆင့် ခေါက်ဆွဲမျှင်ရရှိသည်အထိ ပြုလုပ်ရသည်။ ရှမ်းခေါက်ဆွဲမျှင်ကို တစ်ခုနှင့်တစ်ခု ကပ်မနေစေရန် ပျားဖယောင်း ရောနှောထားသည့် စားသုံးဆီဖြင့် သုပ်လိမ်းရကြောင်း သိရသည်။ ရှမ်းခေါက်ဆွဲပြုလုပ်ရာတွင်  ဆန်အပျော့အမျိုးအစားကိုသာ အသုံးပြုရပြီး ယခုတွင် ဗန်းမော်မြို့နယ်ဒေသထွက် ချင်းသုံးဆန် အမျိုးအစားကို အသုံးပြု ထုတ်လုပ်လျက်ရှိသည်။ ချင်းသုံးဆန် (100)KG အိတ် တစ်အိတ်လျှင် ရှမ်းခေါက်ဆွဲ ပိသာချိန် (၃၀)ပိဿာ ရရှိနိုင်ပြီး ယခုတွင် ရှမ်းခေါက်ဆွဲတစ်ပိဿာလျှင် လက်ကားဈေး (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ မိသားစုအတွက် ဝင်ငွေကောင်းရရှိကြောင်းကို ရှမ်းခေါက်ဆွဲ ဘိုးဘေးစဉ်ဆက် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

နမ့်ခမ်းမြို့နယ်တွင် ရှမ်းခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းရှင်(၈)ဦးမှ လုပ်ငန်းဆောင်ရွက်လျက်ရှိ ကြောင်း သိရပြီး နမ့်ခမ်းမြို့နယ်မှ ထုတ်လုပ်သည့် ရှမ်းခေါက်ဆွဲသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) တစ်ခွင်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော တရုတ်ပြည်နယ်စပ်တို့တွင် စားသုံးရန် လူကြိုက်များပြီး စားကောင်းသည်ဟု သတင်းကောင်းရရှိသည့် ရှမ်းခေါက်ဆွဲဖြစ်ကြောင်း သိရှိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)