တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်အလှူတော် မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ်  အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသည် နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပနေသော ဘာသာရေးအခမ်းအနား ဖြစ်သောကြောင့် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီစည်ကားသိုက်မြိုက်စွာဖြင့် ပျော်ပျော်ရွင်ရွင်ဖြစ်အောင် ကျင်းပပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပြည်သူလူထုများဖြင့် ပူးပေါင်းလုပ်ဆောင်ရသော အလှူတော်မင်္ဂလာဖြစ်ကြောင်း၊ သံဃာတော်များ ကြိုဆိုပင့်ဆောင်ရမည့်လုပ်ငန်း၊ ပဒေသာပင်များ လှည့်လည်ပူဇော်မည့်လုပ်ငန်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်သည်များအားကျွေးမွေးဧည့်ခံရေး လုပ်ငန်း၊ ပဒေသာပင်များအားမဲဖောက်ပေးရေးနှင့် ပို့ဆောင်ရမည့် လုပ်ငန်းများအားစည်စည်ကားကားဖြစ်အောင် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းကော်မတီအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ထားဝယ်ဒေသတွင် ဘာသာသာသနာရေးပွဲတော်များအား အတိုင်းအတာတစ်ခု အထိဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေးလုပ်ငန်း၊ ဘဏ္ဍာငွေဆိုင်ရာနှင့် ပဒေသာပင်လှူဒါန်းရေးဆိုင်ရာလုပ်ငန်း၊ သံဃာ့တော်များပင့်ဆောင်ရေး၊ ပဒေသာပင်နှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ လက်ခံဆက်ကပ်ရေး လုပ်ငန်း၊ ပဒေသာပင်များနေရာချထားရေး၊ ထိန်းသိမ်းရေး နှင့်ပို့ဆောင်ရေးလုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်း၊ ကျန်းမာရေးနှင့်လုံခြုံရေးလုပ်ငန်း၊ ပဒေသာပင်များ လှည့်လည်ပူဇော်နိုင်ရေးလုပ်ငန်း၊ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ ချက်ပြုတ်ရေးနှင့်ဧည့်ခံကျွေးမွေးရေးလုပ်ငန်း စသည့်တို့ကို ရှင်းလင်းဆွေး နွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)