လယ်ဝေးမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာတွင် ပ​လွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းနေသည့် နေအိမ်များအား မြစ်ကမ်းပါးယာယီမြေထိန်း ဆောင်ရွက်ပေးမည်

လယ်ဝေး အောက်တိုဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်လေးလုံး ရွှေ့ပြောင်း​နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုခဲ့သည်။

ရှေးဉီးစွာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးမြင့်ဆောင်နှင့် အဖွဲ့ဝင် ဉီးဝင်းအောင်တို့က ပလွေးချောင်းရေတိုက်စားမှုနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် ချောင်းရှိ သဲသောင်ထွန်းနေသော နေရာအား တူးထုတ်ခြင်း၊ မျှောတိုင်များ စိုက်ကာ ယာယီကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရေလမ်းကြောင်း ဖြောင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေပြည်တော်  ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ နည်းပညာရရှိရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ကျေးရွာပြည်သူများအနေဖြင့် မြစ်ကမ်းပါးထိန်းသိမ်းရေးကော်မတီအား အမြန်ဖွဲ့စည်း၍ အရေးပေါ် ယာယီမြေထိန်းနံရံအား အမြန်ဆုံးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)