ဟားခါး အောက်တိုဘာ ၁၃
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ဟားခါး တက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ဖိတ်ကြားထားသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟားခါးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်အနေဖြင့် တိုင်းရင်းသား လူမျိုးများအားလုံးကို ဥပဒေနှင့် ညီညွတ်သောအခွင့်အရေးနှင့် ရပိုင်ခွင့်များ တန်းတူညီမျှမှု ရရှိစေရန်အတွက် ဦးတည်ချက်ချမှတ်၍ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား လူငယ်လူရွယ်များကို ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေ ရေးအတွက် ဤတက္ကသိုလ်တွင် ပညာသင်ကြားပေးနေကြသော ဆရာ၊ ဆရာမအားလုံးကို အသိအမှတ်ပြုပါကြောင်းနှင့် ဤတက္ကသိုလ်တွင် လူငယ်လူရွယ်များ ပညာလေ့လာဆည်းပူးနေကြ သည်ကို တွေ့မြင်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးသည် အဓိကကျသည့်အတွက် ချင်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူတစ်ရပ်လုံးက တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုကို ဝိုင်းဝန်း တည်ဆောက်ကြရန်တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်လွင်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ချင်းပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်လွင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီနိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဟုန်းကီးက အလုပ်သမားရေးရာနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်သန်းဝင်းက မှုခင်းကျဆင်းရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာနှင့် စပ်လျဉ်း၍လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြ ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)