ထားဝယ် အောက်တိုဘာ ၆
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသောလူငယ် စကားဝိုင်းကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ခဲ့ရာတွင် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံ သောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟူ၍ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံ တော်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များမွေးထုတ်ပေးရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က အားကိုးအားထားရသော လူငယ်များ ဖြစ်လာစေရန်၊ ပညာရေးကိုအခြေခံပြီး ကျန်းမာကြံ့ခိုင်သောလူငယ်များဖြစ်လာစေရန်၊ လူငယ်များလမ်းကြောင်းမှန်ပေါ် ရောက်ရှိစေရန်၊ ဗဟုသုတပြည့်စုံမှုနှင့် ကျွမ်းကျင်မှုရှိယုံသာမက ခံယူချက်ကောင်းမွန်ပြီးထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန်မှာ မိဘ၊ ဆရာ၊ ဆရာမများနှင့်တကွ အားလုံးတွင် အဓိကတာဝန်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ကြရမည့် မျိုးဆက်သစ်လူငယ်များ အပါအဝင် တစ်နိုင်ငံလုံး၏ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံကျသောလိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာအောင် တိုးတက်မြှင့်တင် ဆောင်ရွက်ပေးသွားမှာဖြစ်သလို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးထားအားပေးဆောင်ရွက်သွား ရမှာဖြစ်ကြောင်း၊ လူငယ်များကိုပြုစုပျိုးထောင်ရာတွင် နိုင်ငံတော်သာမကမိဘ၊ဆရာ/ဆရာမများက လက်ဦးဆရာဖြစ်သောကြောင့် တာဝန်ပိုကြီးကြောင်း၊ ကျောင်းသား/ကျောင်းသူလူငယ်များ အနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်၊ ငြိမ်းချမ်းရေးလိုလားသော စိတ်ဓါတ်များနှင့် စည်းကမ်း သေဝပ်သူများဖြစ်အောင်ကြိုးစားနေထိုင်ပြီး တိုင်းပြည် အနာဂတ်လှပအောင်၊ ကြီးပွားတိုးတက်အောင် ကြိုးစားတည်ဆောက်ကြမည်ဆိုသည့် ရည်မှန်းချက်စိတ်ကူးများနှင့် ယခုသင်ကြားသင်ယူနေသောပညာရပ်များကို ကြိုးစားသင်ယူပြီး အနာဂတ်ကို ဦးဆောင်နိုင်သောလူငယ်များဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အခြေခံပညာဦးစီးဌာနမှကျောင်းသား/သူများဖြစ်ကြသည့် Grade-10 ကျောင်းသူ မမေသက်နိုင်က လူငယ်နှင့်အားကစား၊ Grade-8ကျောင်းသားမောင်စည်သူဝင်း က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-11 ကျောင်းသားမောင်ဝေယံဘုန်းထက်က လူငယ်နှင့်စာရိတ္တ၊ Grade-6 ကျောင်းသူ မချိုလွင်ဇော်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-11 ကျောင်းသူ မမြတ်ရတနာသင်းက လူငယ်နှင့် မူးယစ်ဆေး၊ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-9 ကျောင်းသူက မဆုမြတ်မောင်လေး က လူငယ်နှင့်လူမှုမီဒီယာစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသောကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာလည်းကောင်း၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်အား အားကစားပစ္စည်းအားလည်းကောင်းပေးအပ်ကာ တိုင်းဒေသကြီး ပညာရေးဌာန ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်း ဆောင်ရွက်နိုင်မှုမှတ်တမ်းဓာတ်ပုံပြဘုတ်များနှင့် သုတရသစာအုပ်ပြပွဲကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာဆရာမများ၊ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)