မက်မန်းမြို့တွင် ဒေသဝက်တစ်ပိုင်တစ်နိုင်မွေးမြူ၍ မိသားစုအပိုဝင်ငွေ ရရှိ

မက်မန်း အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် ဒေသဝက် တစ်ပိုင်တစ်နိုင်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ လျက်ရှိ ကြောင်း သိရသည်။

“မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မိသားစုစာဝတ်နေရေး အဆင်ပြေရန်အတွက် ဒေသဝက်များကို တစ်အိမ်ထောင်လျှင် (၁)ကောင်မှ (၁၅)ကောင်ထိ မွေးမြူထားလျက်ရှိကြောင်း၊ ဒေသဝက်(၁)ကောင်မွေးမြူရာတွင် သားခွဲ(သားပေါက်)တစ်ကောင်လျှင် ငွေကျပ်တစ်သိန်း နှစ်သောင်းမှ တစ်သိန်းငါးသောင်းထိ ဝယ်ယူမွေးမြူရကြောင်း၊ အစားကျွေးမွေးရာတွင် ဒေသထွက် ငှက်ပျောပင်များ၊ သီးနှံစိုက်ခင်းများမှ အလေအလွှင့်သီးနှံများ၊ ဖွဲနုများ၊ ဒေသထွက်တောင်ယာဆန် များကို ကျွေးမွေးခြင်းအားဖြင့် ဒေသဝက်အား မွေးမြူနိုင်ကြောင်း၊ ဈေးကွက် ရောင်းတန်းဝင် ဒေသဝက် တစ်ကောင်လျှင် အချိန် တစ်နှစ် မွေးမြူရကြောင်း၊ ရောင်းချမှု ဈေးကွက်အနေဖြင့် မိုင်းပျဉ်း၊ ပန်ဆန်းမြို့နှင့် ကျိုင်းတုံမြို့များသို့ သွားရောက် ရောင်းချခြင်း ဖြစ်ကြောင်း၊ ဈေးကွက်ဝင် ဒေသဝက် တစ်ကောင်လျှင် ငွေကျပ် (၆)သိန်းမှ (၇)သိန်းအထိ ရောင်းချရကြောင်း၊ ဒေသဝက်မွေးမြူသူများ အနေဖြင့် နှစ်စဉ် မိသားစုဝင်ငွေ ကျပ်သိန်းနှစ်ဆယ်ခန့် အပိုဝင်ငွေတိုးသည့် မွေးမြူရေးလုပ်ငန်း ဖြစ်သဖြင့် အိမ်တိုင်းတွင် ဒေသဝက်များ မွေးမြူသင့်ပါကြောင်း” မက်မန်းမြို့ ရပ်ကွက်(၂)တွင် ဒေသဝက် မွေးမြူသူ ဦးအိုက်ငို့ထံမှ သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)