နောင်တရား အောက်တိုဘာ ၁၀
နောင်တရားမြို့ အနီးပတ်ဝန်းကျင်ဒေသများတွင် အာလူးကို ရေသွင်းအာလူး၊ မိုးကြိုအာလူး၊ မိုးနှောင်းအာလူး ဟူ၍ သုံးကြိမ်စိုက်ပျိုးလျက်ရှိပြီး ယခု အောက်တိုဘာလတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ မိုးကြိုအာလူးကို စတင်တူးဖော်လျက်ရှိသည်။
“မိုးကြိုအာလူးတော့ တူးနေပါပြီ။ ဈေးကတော့ အာလူးကောင်း မကောင်းပေါ်မူတည်ပြီး ဈေး ကျပ် ၁၀၀၀ ကနေပြီး ကျပ် ၂၃၀၀ အထိ ဈေးအမျိုးမျိုးရှိပါတယ်၊ အာလူးအမျိုးအစားပေါ် မူတည်ပြီးတော့လည်း ဈေးပြောင်းလဲမူရှိနေပါသေးတယ်၊ ကျွန်တော်တို့ကတော့ မျက်နီမျိုးစိုက် ပါတယ်။ အထွက်နှုန်း နည်းပါတယ်။ မျိုးပြောင်းလဲစိုက်ဖို့တော့ ပြင်ဆင်ထားပါပြီ၊ အာလူးစိုက်ပျိုးမှု ကုန်ကျစရိတ်မြှင့်မားလို့ မသေချာတဲ့မြေဆိုရင် မစိုက်ရဲဘူး၊ ကျွန်တော်တို့ တောင်သူတွေ စိုက်ပျိုးရေးနည်းပညာအသစ်လိုနေပါပြီး။ စိုက်ပျိုးရေးစရိတ်လျော့ချနိုင်ရမယ် ရေလိုအပ်ချက်ကိုလည်း ဖြည့်တင်းတဲ့စနစ်၊ ပြီးတော့ မြေဆီလွှာရေရှည်အသုံးပြုလို့ရမဲ့ သေချာတဲ့ မြေပြင်စနစ်တွေကိုပေါ့၊ စိုက်ပျိုးရေးလုပ်ငန်းမှာ အာလူးစိုက်ပျိုးရတာကို အကြိုက်ဆုံးပါ အထွက်နှုန်းလည်းကောင်းလို့ပါ။ ယခုမိုးကြိုအာလူး အထွက်နှုန်းနည်းပါတယ် မိုးအဝင်နည်းလို့လည်းပါတယ်ဗျ၊ အထွက်နှုန်းနည်းပေမဲ့ ဈေးမကောင်းတော့ အဆင်မပြေနေဘူး”ဟု ထီရီးကျေးရွာမှ အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။
နောင်တရားဒေသတွင် ဒေသအာလူး၊ တရုတ်အာလူး၊ မျက်နီ၊ မားကစ်၊ ရမ်းဘား၊ ဘေဘီလုံနှင့် အခြားအာလူးမျိုးများကိုလည်း စိုက်ပျိုးကြသည်။ ထွက်ရှိလာသည့် အာလူးများကို အောင်ပန်းကုန်စည်ဒိုင်နှင့် ရန်ကုန်ကုန်စည်ဒိုင်သို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်း၊ ကြော်အာလူးဖို များသို့လည်း တိုက်ရိုက်ရောင်းချခြင်းများ ရှိနေသည်။ မျိုးအာလူးများကို ထိမ်းသိမ်းနိုင်ရန် အတွက် မျိုးအာလူးသိုလှောင်သည့် အအေးခန်းလိုအပ်ချက်များ ရှိနေသေးပြီး အာလူးဈေးကွက်ကို ထိန်းနိုင်ရန်အတွက် စားအာလူးအအေးခန်းလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့တွင် အလေးချိန် တန် ၂၀၀၀ ဆံ့ နောင်တရား အာလူးအအေးခန်းရှိနေပြီး စက်ရုံ လည်ပတ်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)