ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းသော်ဝင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မိုင်းယောင်း  အောက်တိုဘာ  ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းသော်ဝင်းသည် အောက်တိုဘာ ၉ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဗလမင်းထင်ခန်းမတွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေတို့က လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ထောက်ပံ့ငွေကျပ်(၈)သိန်း၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအား ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းကို ပေးအပ်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အမှတ်(၂)ရပ်ကွက် ဗလမင်းထင်လမ်းမပေါ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅ ဒသမ ၅ သန်းဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် အလျား ၃၄ ပေ၊ အနံ/အမြင့် ငါးပေရှိ တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နမ့်ပုံးချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ရှေးဟောင်းသမိုင်းဝင် ဓါတ်လုံစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေကျပ်(၆)သိန်းနှင့် ဆရာတော်၊ သံဃာတော်များအား အလှူငွေကျပ်(၂)သိန်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)