နောင်ချိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်

နောင်ချို အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ဟောပြောပွဲ၊ ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်၍ ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ရရှိအောင် ဖတ်ရှုသင့်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ စသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် အငယ်တန်းစာရေး ဒေါ်လင်းမီမီကျော်က ကျောင်းသား၊ကျောင်းသူလေးများ စာပေကိုချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း၊ ပုံပြင်စာအုပ်များပေး၍ အချင်းချင်း လဲလှယ်ဖတ်စေခြင်း၊ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းနှင့် အလားတူ ယနေ့မွန်းလွဲ(၁)နာရီအချိန်တွင်လည်း အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)