နောင်ချိုမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး၊ ရေလျှံမှု ဖြစ်ပွား

နောင်ချို အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း ယမန်နေ့ နံနက် ၄ နာရီအချိန်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး  တောင်ကျရေများစီးဆင်းမှုကြောင့် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရေကြီး၊ ရေလျှံမှုဖြစ်ပွားကာ ယာဉ်ကြီး/ယာဉ်ငယ်များ  ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။

အဆိုပါ ကားလမ်းရေကျော်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ O.H.C တိုးဂိတ်မှ တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နောင်ချိုမြို့နယ်မှ ဦးစီးအရာရှိ(မြို့ပြ) ဦးဆောင်၍ အငယ်တန်း အင်ဂျင်နီယာ-(၂)(မြို့ပြ)အပါအဝင် လမ်းလုပ်သား (၁၅)ဦး၊ Loader(၁)စီးတို့ဖြင့် ယာဉ်များသွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နံနက် ၁၁ နာရီအချိန်ခန့်တွင် (၁၂)ဘီးနှင့်အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး နေ့လယ် ၁၂ နာရီခွဲအချိန်တွင်  ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး  တောင်ကျရေများစီးဆင်းမှုကြောင့်  Oriental Highway Co.Ltdမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်(၇၀/၀-၁)ကြား ကတ္တရာလမ်းမပေါ်တွင် အလျား (၅၀)ပေခန့်၊ ရေထုအမြင့်(၄)ပေခန့်၊ မိုင်(၇၀/၂-၃)ကြား ကတ္တရာလမ်းမပေါ်တွင် အလျား (၂၀၀)ပေခန့်၊ ရေထုအမြင့်(၄)ပေခန့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)