မြဝတီမြို့နယ်၌ ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်

မြဝတီ အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်ရာတွင် ကြိုတင်ဆန္ဒမဲ လက်မှတ်များကို အဆင့်သင့်ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ တွင် ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ရှေးဦးစွာ  မြဝတီမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်ကျော်က ကြိုတင် ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်မြတ်သန္တာထက်မှ ကြိုတင်မဲပုံး ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကြိုတင်မဲပုံး လုံခြုံရေးကြိုးချိတ်ပိတ်ပုံကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍   ကြိုတင်မဲပုံးအတွင်း ကြိုတင်မဲများကို မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်း သိမ်းဆည်းနိုင်ရေးအတွက် ကြိုတင်မဲပုံးလုံခြုံရေးကြိုး၏ ကုတ်နံပါတ်များကို တက်ရောက် လာသော ကိုယ်စားလှယ်များအား မှတ်သားစေခဲ့ပြီး မြဝတီမြို့နယ်အတွင်းရှိ ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်