ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကမ္ဘ့ာဆရာများနေ့နှင့် အယ်လ်နီညိုသက်ရောက်မှုကြောင့် သီးနှံများထိခိုက်မှုမရှိစေရေး အသိပညာပေး အခမ်းအနားတက်ရောက်

ပင်းတယ အောက်တိုဘာ ၇

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့နယ်ပညာရေးမိသားစုမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဆရာများနေ့နှ င့်သက်ပြည့်ပင်စင်စားဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အပူဇော်ခံဆရာကြီး ဆရာမကြီးများအား အနန္တငါးဖြာမြတ်ဆရာသီးချင်းဖြင့် သီဆိုပူဇော်၍ ဖွင့်လှစ်ပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ဂါဝရပြုဝမ်းမြောက်စကားပြောကြားပြီး၊ ကမ္ဘာ့ဆရာများနေ့ ကျင်းပရေးကော်မတီသို့ အလှူငွေကျပ် ၃၀၀၀၀ဝိ/-(သုံးသိန်းတိတိ) လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် အပူဇော်ခံဆရာကြီး/ဆရာမကြီးများအား မြတ်ဆရာသီချင်းဖြင့် သီဆိုပူဇော်ကြ၍ ဒေသပညာရေးမှူးဆရာကြီးမှ ဂါဝရပြုဝမ်းမြောက်စကား ပြန်လည်ပြောကြားပြီး အပူဇော်ခံ ဆရာကြီး ဆရာမကြီးများအား ဂါဝရပစ္စည်းများဖြင့် ပူဇော်ကြရာ ဆရာကြီးတစ်ဦးမှ ဩဝါဒစကား ပြန်လည်မြွက်ကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွှဲပိုင်းတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပင်းတယမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု ကံသာကျေးရွာ စင်းကပ်ကွင်းတွင် GW-11၊ GW-18 နှင့်ရွှေရင်အေးစပါးမျိုးများ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု ခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက်ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုင်းလီကျေးရွာဘုန်းတော်ကြီးကျောင်း တွင်အယ်လ်နီညိုသက်ရောက်မှုကြောင့် သီးနှံများထိခိုက်မှုမဖြစ်စေရေးအတွက် ကြိုတင်ဆောင်ရွက်ရန် အစီအမံများပညာပေးဟောပြောပွဲ သို့တက်ရောက်၍ အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင်က အယ်လ်နီညိုသက်ရောက်မှုကြောင့် သီးနှံများထိခိုက်မှု မရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းပြောကြားရာ တောင်သူများမှသိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထို့နောက် အဆိုပါဘုန်းတော်ကြီးကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာမှ တာဝန်ရှိသူများက ကျေးရွာနေပြည်သူများ၏ ဇီဝဆိုင်ရာ အချက်အလက်များကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ပေးနေမှုကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

ဒေသ(ပြန်/ဆက်)