မိုင်းကိုင် အောက်တိုဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့မနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသားကျောင်းသူများ၊ စိတ်ဝင်စားသူလူငယ်လူရွယ်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ဟောပြောပွဲနှင့် ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက် “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်က “လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နယ်မြေခံတပ်မှ ဗိုလ်ကြီးအောင်ဆန်းလင်းက “လူငယ်နှင့်ငြိမ်းချမ်းရေးချစ်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များက မိမိတို့၏အမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နယ်မြေခံတပ်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်တင်ဆက်သည့် “ချယ်ရီမြေစာစောင်” ခေါင်းစဉ်ဖြင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ခင်းကျင်းပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)