မိုင်းရယ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မှတ်ပုံတင်ထားရှိသည့် နိုင်ငံရေးပါတီသုံးခုမှ ပါတီဝင်အင်အားစာရင်းများ စိစစ်ခြင်းနှင့် အဆိုပါစာရင်းရှိပါတီဝင်များ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးစိုးမင်းအောင်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ဦးစီးဌာနတို့ ပူးပေါင်း၍ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုမရှိစေရေးနှင့် မြေပြင်တွင် အမှန်တကယ်နေထိုင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုတည်းကိုသာ ကိုင်ဆောင်ထားသူ ဖြစ်ရန်လိုကြောင်း၊ စိစစ်မှုများကို သတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် သက်ဆိုင်ရာပါတီများအလိုက် ပါတီဝင်အင်အားများတွင် အမည်ထပ်နေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ မြေပြင် ရှိ/မရှိ စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထပ်နေမှု ရှိ/မရှိစစ်ဆေးခြင်း သေဆုံးသူ(မရှိသူ)များကို ၎င်းတို့ပါတီများစာရင်းမှ နှုတ်ပယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
မိုင်းရယ်မြို့နယ်တွင် မှတ်ပုံတင်ထားရှိသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(၂၉၃)ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (၅၆၆)ဦးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(၉)ဦးတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ နှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှဉက္ကဌများ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ သက် ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဇင်ထိုက်